လွမ်းလို့; ညလေးတစ်ည
သိပ်ကိုလှ
မိုးပေါ်ကငွေလ
ပျော်စရာအပြည့်နဲ့သာတဲ့ည။
.
မလာမရ လာနေရ
ချစ်သူလေးဆီ အလည်လာတဲ့ည
မြက်ခင်းမွမွ ထူလျှလျှလေးရယ်
မြက်ခင်းပေါ်က ပန်းစားပွဲလေးရယ်
စားပွဲလေးပေါ်က ကော်ဖီ ခွက်လေးတွေရယ်
စားပွဲလေးဘေးကထိုင်နေကြတဲ့
ချစ်သူရယ် ကိုယ်ရယ်.....အပျော်လေးတွေရယ်ပေါ့။
.
ချစ်သူလက်ကိုကိုယ်ကကိုင်ထားလား
ကိုယ့်ရဲ့လက်ကိုချစ်ကကိုင်ထားလား
ချစ်သူမျက်နှာကိုကိုယ်ကကြည့်နေလား
ကိုယ့်မျက်နှာကိုချစ်သူကကြည့်နေလား
ဘာကိုမှလည်းအမှတ်မထားမိပါနော်။
.
လမင်းသော်တာကိုလည်းတို့မကြည့်
လေပြေတိုက်တာကိုလည်းတို့မသိ
ပုရစ်လေးတွေအော်နေတာလည်းတို့မကြား
ညငှက်ကလေးရဲ့ခေါ်သံကိုလည်းတို့မကြား
ချစ်သူပြောစကား..ကိုယ် နားထောင်
ကိုယ်ပြောတဲ့ စကား....ချစ်နားထောင်
လရောင်အောက်မှာပြောတဲ့စကား
ချစ်နေသေးလား....ချစ်ရဲ့လား...တဲ့။
.
ချစ်စကားလေးတွေ...ဟိုသည်ရောက်
ကော်ဖီ တွေတောင်တို့မသောက်
တိမ်တွေရောက်လို့လကိုကွယ်သွားချိန်
စကားသောက်ဝိုင်းလေးတိတ်ဆိတ်ချိန်
လရောင်မှိန်မှာ.ရင်ခုန်ထားတော့
ချစ်သူလက်ဖျား ဆတ်ဆတ်တုန်ခါသွားပေါ့
လက်ကလေးတုန်တုန် ရင်တုန်တုန်
နှုတ်ခမ်းလေးတုန်တုန်စိတ်တွေတုန်
မယုံ၏သို့ယုံ၏သို့
မပိုက်၏သို့ပိုက်၏သို့
မကြိုက်၏သို့ ကြိုက်၏သို့နှင့်
အမိုက်ကလေးများနမ်းမိတယ်။
.
လေပြေမိုက်လေးတွေကတိမ်ကိုဖယ်သွား
လမင်းကြီးများလှောင်နေလား
ကြယ်ကလေးတွေများမြင်သွားလား
ချစ်သူလေးကပိုရှက်သွားတယ်
ကိုယ့်နဖူးလေးကိုလက်ညှိုးလေးနဲ့တွန်းကထိုး
စကားလေးကတိုးတိုး
မျက်စောင်းလေးပါထိုး
ကိုယ့်ကိုလေ.....“ ရှင်တော်တော်ဆိုး ” တဲ့။
.
သည်လိုနှင့်
အချစ်ကိုအချစ်လိုချစ်တဲ့ချစ်သူနှစ်ယောက်
ထာဝရမမေ့ပျောက်တဲ့
“ စကား သောက်ဝိုင်းလေး ” သိမ်းကြတယ်.....။
.
ညလေးတစ်ည
သိပ်ကိုလှ
မိုးပေါ်ကငွေလ
ပျော်စရာအပြည့်နဲ့သာတဲ့ည။
တတိုင်းမွှေး။ ။
No comments:
Post a Comment